ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်ရှိ မယ်ပြေကျွန်းဓာတ်အားခွဲရုံဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည့်သတင်း

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်ရှိ မယ်ပြေကျွန်းဓာတ်အားခွဲရုံဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည့်သတင်း

05-Jan-2021

ရန်ကုန်၊ ဒီဇင်ဘာလ ( ၃၁ ) ရက်

     ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ ၂၀၁၉-၂၀၂၀ ဘတ်ဂျက်ဖြင့် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးခဲ့သည့် ရန်ကုန် တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ မယ်ပြေကျွန်းဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနားကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ( ၃၁ )ရက်နေ့တွင် အဆိုပါဓာတ်အားခွဲရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ ဥက္ကဋ္ဌနှင့် အရာထမ်း၊ အမှုထမ်းများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြပါသည်။

     ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် အဖွဲ့ဝင်များသည် တွံတေးမြို့နယ်ရှိ 33/11 kV, 5MVA မယ်ပြေကျွန်းဓာတ်အားခွဲရုံဖွင့်ပွဲသို့ ရောက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ ရန်ပုံငွေအသုံးပြု၍ ရန်ကုန်တိုင်းဒေသကြီးအတွင်း တည်ဆောက်ပြီးစီးခဲ့သော ဓာတ်အားခွဲရုံသစ် ( ၁၃ )ရုံရှိရာ တောင်ပိုင်းခရိုင်အတွင်း ဓာတ်အားခွဲရုံ ( ၆ )ရုံနှင့် မြောက်ပိုင်းခရိုင်အတွင်း ဓာတ်အားခွဲရုံ( ၆ ) ရုံ၊ ဓာတ်အားခွဲရုံသစ် စုစုပေါင်း ( ၁၂ )ရုံကို ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ကြောင်း၊ ယနေ့တွင် တွံတေးမြို့နယ်ရှိ 33/11 kV, 5 MVA မယ်ပြေကျွန်းဓာတ်အားခွဲရုံအား ဖွင့်လှစ်ပေးမည်ဖြစ်၍ ယနေ့ထိ ဓာတ်အားခွဲရုံသစ် စုစုပေါင်း (၁၃)ရုံကို အောင်မြင်စွာ ဖွင့်လှစ်ပေးနိုင်ခဲ့ပြီ ဖြစ်ကြောင်း၊ တွံတေးမြို့နယ်တွင် 33/11 kV, 5 MVA ခလုပ်ဓာတ်အားခွဲရုံကိုဖွင့်လှစ်ပေးခဲ့ပြီး ဖြစ်၍ ယနေ့ မယ်ပြေကျွန်း ဓာတ်အားခွဲရုံ အပါအဝင် ဓာတ်အားခွဲရုံ (၂)ရုံကို နိုဝင်ဘာလက ဖွင့်လှစ်ပေးနိုင်ခဲ့ပြီဖြစ်သဖြင့် တွံတေးမြို့နယ်အတွင်းရှိ မိဘပြည်သူများအနေဖြင့် လျှပ်စစ်ဓာတ်အားကို အပြည့်အဝ အသုံးပြုလာနိုင်မည်ဖြစ်ကြောင်း၊ တွံတေးမြို့နယ်သည် ရန်ကုန်တိုင်းဒေသကြီး၏ အကြီးမားဆုံးပြည်တွင်းစက်မှုဇုန်ရှိသည့် လှိုင်သာယာမြို့နယ်နှင့်နယ်နိမိတ်ချင်းထိစပ်နေသဖြင့် တွံတေးမြို့နယ်ရှိ ပြည်သူများအနေဖြင့် လှိုင်သာယာစက်မှုဇုန်ကို သွားရောက်အလုပ်လုပ်ကိုင် ရမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ လမ်းပန်းဆက်သွယ်ရေးတိုးတက်ကောင်းမွန်လာပြီး လျှပ်စစ် ဓာတ်အားလုံလောက်စွာရရှိလာပါက အဝေးကိုသွားရောက် အလုပ်လုပ်စရာမလိုဘဲ ဒေသတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး၊ တစ်ပိုင်တစ်နိုင် အသေးစား စက်မှုလက်မှုလုပ်ငန်းများ တိုးတက် ဖော်ဆောင်လာနိုင်ကာအလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်လာမည်ဖြစ်ကြောင်း၊ မယ်ပြေကျွန်းဓာတ်အားခွဲရုံကြီး ဖြစ်မြောက်ရန်အတွက် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းအနေဖြင့် ပေ(၁၂၇၀)ခန့်ကျယ်သည့် တိုးမြစ်ကို အခက်အခဲများစွာကျော်ဖြတ်ပြီး တည်ဆောက်တပ်ဆင်ခဲ့ရကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းတို့ ပူးပေါင်းပြီး မိမိတို့၏ ရည်မှန်းချက်ဖြစ်သည့် ပြည်သူများ နှင့် စက်မှုလက်မှု လုပ်ငန်းများတွင် လျှပ်စစ်ဓာတ်အား ပြည့်ဝစွာ သုံးစွဲနိုင်ရေးအတွက် ဓာတ်အားပေးခွဲရုံများ၊ ဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲရုံများ တည်ဆောက်၍ ဓာတ်အားဖြန့်ဖြူးနိုင်ရေးအတွက် ရည်မှန်းချက်များချမှတ်ပြီး အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် ကျေးရွာစုစုပေါင်း(၂,၂၀၅)ရွာ ရှိပြီး ၂၀၂၀ပြည့်နှစ်၊ ဒီဇင်ဘာလကုန်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျေးလက်နေ ပြည်သူများအားလုံး (၁၀၀)ရာခိုင်နှုန်း အပြည့်အဝ လျှပ်စစ်ဓာတ်အားရရှိအောင် ရည်မှန်းချက် ထား စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့ဖွင့်လှစ်သည့် ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေး မြို့နယ်တွင် 33/11kV, 5MVA မယ်ပြေကျွန်း ဓာတ်အား ခွဲရုံ(၁)ရုံ အပါအဝင် ၃၃ကေဗွီ ဓာတ်အားလိုင်း(၁)လိုင်း (၁၁.၂၅)မိုင်၊ ၁၁ ကေဗွီ ဓာတ်အားလိုင်း (၂)လိုင်း (၁၇.၃၅)မိုင်၊ ဓာတ်အားဖြန့်ဖြူးရေး ထရန်စဖော်မာ(၈)လုံး တို့အတွက် ရန်ကုန်တိုင်း ဒေသကြီးအစိုးရ ရန်ပုံ ငွေကျပ်( ၂၀၃၈.၃၉ ) သန်း အသုံးပြုပြီး တိုးချဲ့ တည်ဆောက် ပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ ယခုလို တိုးချဲ့တည်ဆောက်ပေးနိုင်ခဲ့သဖြင့် တွံတေးမြို့နယ်အတွင်း ကျေးရွာပေါင်း(၈)ရွာ၊ အိမ်ထောင်စု ပေါင်း (၁၂၅၅)စု ထပ်မံ ဓာတ်အားရရှိမှာဖြစ်ကြောင်း ပြောကြားသွားပါသည်။ ထို့နောက် တွံတေးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်လွင်က ကျေးဇူးတင် စကားပြန်လည် ပြောကြားခဲ့ပါသည်။

     ထို့နောက် မယ်ပြေကျွန်းဓာတ်အားခွဲရုံ ကမ္ပည်းကျောက်စာမော်ကွန်းအား ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့် တွံတေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးမြင့်လွင်တို့က စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာများ ပက်ဖြန်းပေးကာ ခွဲရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သတင်းရရှိပါသည်။ 



Related News