ရန်ကုန်တိုင်းဒေသကြီးအတွင်း (၂၂.၆.၂၀၁၉)ရက်နေ့မှစ၍ လျှပ်စစ်ဓာတ်အားပုံမှန်အတိုင်း ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း အများပြည်သူထံသို့ အသိပေးပန်ကြားခြင်း

21-Jun-2019

၁။ ၂၀၁၉ ခုနှစ် ဧပြီလ တတိယပတ်မှစ၍ ဓာတ်အားသုံးစွဲမှု တိုးတက်များပြားလာခြင်း ဓာတ်အား ထုတ်လုပ်မှု လျော့နည်းကျဆင်းလာခြင်းတို့ကြောင့် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးတွင် အလှည့်ကျ ဝန်အား လျှော့ချခြင်းများကို စတင်ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ ဝန်အား လျှော့ချ ဆောင်ရွက်လျှက်ရှိရာတွင် မေလအတွင်း ၆၀၀ မဂ္ဂါဝပ်မှ ၈၀၀ မဂ္ဂါဝပ်ခန့်ကို လျှော့ချခဲ့ရပါသည်။ ဓာတ်အား ရရှိမှု အခြေအနေအရ ပြည်သူများအတွက် အခက်အခဲအချို့ ဖြစ်ပေါ်ခဲ့ရပါသည်။

၂။ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် အများပြည်သူနှင့် စက်မှုလက်မှု လုပ်ငန်းများ၊ ဓာတ်အားပြတ်တောက်မှု မရှိစေရေး၊ အကောင်းဆုံး ဝန်ဆောင်မှု ပေးနိုင်ရေး၊ ပြည်သူများ စိတ်ကျေနပ်မှု ရှိစေရေးတို့အတွက် အကောင်းဆုံး ကြိုးပမ်းဆောင်ရွက်ပေးလျှက် ရှိသည့်အပြင် မိုးဦးရာသီကာလရောက်ရှိလာပြီ ဖြစ်၍ ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံများမှာလည်း ဓာတ်အားများ တိုးတက် ထုတ်လုပ်ပေးနိုင်ရန် အလားအလာ ရှိပါသည်။

၃။ သို့ဖြစ်ပါ၍ ရန်ကုန်တိုင်းဒေသကြီး၏ ခရိုင်နှင့် မြို့နယ်များတွင် (၂၂.၆.၂၀၁၉)ရက်နေ့မှစ၍ အလှည့်ကျ ဝန်အားလျှော့ချခြင်းများ ဆောင်ရွက်မှု မပြုတော့ဘဲ၊ ပုံမှန်အတိုင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးသွားမည် ဖြစ်ပါကြောင်းနှင့် ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်များအတွင်း မဖြစ်မနေ ထိန်းသိမ်းပြုပြင်ရမည့် အရေးပေါ်အခြေအနေမျိုး၌သာ ဓာတ်အားပိတ်ချိန် အနည်းဆုံးဖြင့် ယာယီဓာတ်အားပိတ်၍ လုပ်ငန်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း လျှပ်စစ်မီးသုံးစွဲသူ ပြည်သူများထံသို့ လေးစားစွာ အသိပေးပန်ကြားအပ်ပါသည်။